Skip to main content

အဝတ်အစားကုမ္ပဏီများ၏ စီးပွားရေးလုပ်ငန်းအလေ့အထများက စက်ရုံများရှိ အခွင့်အရေး ချိုးဖောက်မှုများကို မီးလောင်ရာ လေပင့်နေ

အချိန်တိုတိုအတွင်း စရိတ်နည်းနည်းဖြင့် ထုတ်လုပ်လိုလာကြသောကြောင့် ဖိအားဖြစ်ကာ အလုပ်သမားများအပေါ် အခွင့်အရေး ချိုးဖောက်ရန် အားပေးနေ

© 2019 Mengxin Li for Human Rights Watch
(လန်ဒန်၊ ၂၀၁၉ ဧပြီလ ၂၄ ရက်) – နာမည်ရ အဝတ်အထည်နှင့်ဖိနပ် ကုမ္ပဏီများသည် အထည်ချုပ်စက်ရုံအလုပ်သမားများအပေါ် အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်ရန် အားပေးနေသော စီးပွားရေးလုပ်ငန်းအလေ့အထများကို ရပ်စဲသင့်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW)က ယနေ့ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် တိုက်တွန်းထားသည်။  

စာမျက်နှာ ၆၆ မျက်နှာရှိ ("'ဘတ်စ်ကားလက်မှတ်ခပေးပြီး လေယာဉ်ပျံစီးရန် မျှော်လင့်နေ’- အဝတ်အထည် ကုမ္ပဏီ များ၏ ပစ္စည်းဝယ်ယူမှု အလေ့အထများက အလုပ်သမား အခွင့်အရေးချိုးဖောက်မှုများဖြစ်ရန် တွန်းအားပေးပုံ") “‘Paying for a Bus Ticket and Expecting to Fly’: How Apparel Brand Purchasing Practices Drive Labor Abuses,” အစီရင်ခံစာတွင် အဝတ်အစားကုမ္ပဏီကြီးများ၏ မည်သည့် အလေ့အထ များကြောင့် အထည်ချုပ်စက်ရုံများက စက်ရုံအလုပ်သမားများအပေါ် အလုပ်သမားအခွင့်အ​ရေး ချိုးဖောက်မှု ကျူးလွန်ရကြောင်း စုံစမ်းဖော်ထုတ်ထားပါသည်။ ကမ္ဘာတစ်ဝန်းလုံးရှိ အဝတ်အထည် ကုမ္ပဏီ အများအပြားသည် ၎င်းတို့၏ ကုန်ပစ္စည်းများထုတ်လုပ်သော စက်ရုံများရှိ လုပ်ငန်းခွင်များ၌ လူ့အခွင့်အရေးများကို လေးစားကြောင်း အလေးဂရုစိုက်ပါမည်ဟု ကတိပေးထား ကြသော်လည်း၊ ကုန်အမှာလက်ခံပြုလုပ်ပေးသူ (supplier) များဘက်မှ လျှော့ဈေးဖြင့်ရရန် သို့မဟုတ် အချိန်တိုတိုအတွင်း ကုန်အပ်နှံနိုင်စေရန် မရပ်မနားဖိအားပေးမှုကြောင့် ၎င်းတို့ကတိအတိုင်း အမှန်တကယ် ဖြစ်ပေါ်လာ နိုင်ခြေ နည်းပါးကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က တွေ့ရှိခဲ့သည်။ ကုမ္ပဏီကြီးများ၏ ဖိအားကြောင့် အဝတ်ချုပ်ပေးသည့်စက်ရုံ အများအပြားသည် အလုပ်သမားများကို အလုပ်ချိန်ပိုမိုခိုင်းစေခြင်း စသည့် နည်းလမ်းများသုံးပြီး အပ်ထည်များ အချိန်မီပြီးစီးအောင် သို့မဟုတ် ကုန်ကျစရိတ်လျော့ကျအောင် ဆောင်ရွက်လာကြပါသည်။ အဆိုပါ နာမည်ရအဝတ်အစားကုမ္ပဏီများသည် “ဘတ်စ်ကား လက်မှတ်ခသာ ပေးပြီး လေယာဉ်ပျံစီးရန် မျှော်လင့်နေသည်” ဟု စက်ရုံပိုင်ရှင်တစ်ဦးက ပြဿနာနှင့်ပတ်သက်ပြီး မချိတင်ကဲ အတိုချုံးပြောပြသည်။   

“အလုပ်သမားအခွင့်အရေး ချိုးဖောက်ပြီး ဈေးနှုန်းချပေးအောင် လက်ခစား အထည်ချုပ်တွေအပေါ် ဖိအားပေးနေတဲ့ အဝတ်အစားလုပ်ငန်းကြီးတွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု နာမည်ဆိုးတွင်မယ့် ဘေးနဲ့ အလွန်ကိုပဲနီးကပ်နေပါတယ်။ အဝတ်အစား ကုမ္ပဏီကြီးတွေဟာ စက်ရုံတွေမှာ အလုပ်သမားတွေ အခွင့်အရေးချိုးဖောက်မှုတွေကို ပပျောက်အောင် လုပ်ဆောင်ပါမယ်လို့ ကတိခံထားတဲ့ အတွက် အထည်ပေးသွင်းတဲ့ စက်ရုံတွေမှာ အလုပ်သမားတွေ ခေါင်းပုံဖြတ်ခံရတာတွေ ဖြစ်ပေါ်အောင် အားပေးသလိုမျိုး မဖြစ်ဖို့၊ ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်း အလေ့အထတွေကို စောင့်ကြပ်ကြည့်ရှု ပြုပြင်ဖို့ လိုအပ်ပါတယ်” ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၊ အမျိုးသမီးများ အခွင့်အရေး ဌာနခွဲမှ အဆင့်မြင့် ဥပဒေအကြံပေး အရုနာ ကရှပ် က ပြောသည်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့သည် ဘင်္ဂလာဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ မြန်မာနှင့် ပါကစ္စတန်နိုင်ငံတို့မှ အလုပ်သမားများအပြင် တောင်နှင့် တောင်အာရှမှ လက်ခစားချုပ်ပေးသူများ၊ စက်ရုံများတွင် အဝတ်အထည်ကုမ္ပဏီကြီးများ အတွက် အပ်ကုန်ချုပ်ပေးမည့်စက်ရုံများကို ရှာဖွေကာ ကုန်အပ်ပေးသည့် အတွေ့အကြုံ အနည်းဆုံးဆယ်နှစ်စာ ရှိသူများ၊ လုပ်ငန်းနယ်ပယ်မှ အခြားကျွမ်းကျင်သူများနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ 

ဒက္ကာမြို့ မြို့စွန်မြို့ဖျားရှိ ရှစ်ထပ်တိုက်တစ်လုံး ပြိုကျကာ အလုပ်သမား ၁,၁၃၈ ဦးသေဆုံး၍ ၂,၀၀၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့သော ၂၀၁၃ ခုနှစ် ဧပြီလ ၂၄ ရက် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ရာနာပလာဇာ ဖြစ်ရပ်ဆိုး ဆဋ္ဌမမြောက်နှစ်ပတ်လည်နေ့သည် အဝတ်အစား ကုမ္ပဏီများ ကြိုတင်ကာကွယ်ရမည့် အန္တရာယ်များကို ကျောချမ်းဖွယ် သတိပေးလိုက်ခြင်း ဖြစ်သည်။

အဝတ်အထည် ကုမ္ပဏီများသည် သာမန်အားဖြင့် ၎င်းတို့၏ထုတ်ကုန်များကို နိုင်ငံအတော်များများရှိ စက်ရုံ အမျိုးမျိုးထံ အပ်နှံ၍ ချုပ်လုပ်ကာ ပေးသွင်းစေကြသည်။ ထို့ကြောင့်လည်း အဆိုပါ စက်ရုံများရှိ အောက်ခြေအခြေအနေများကို စောင့်ကြပ်ကြည့်ရှုသည့် အပိုင်းတွင် အခက်အခဲ အကျပ် အတည်း ကြီးကြီးမားမား ကြုံတွေ့ရပါသည်။ ကုန်ဝယ်ယူရာတွင် လမ်းကြောင်းစနစ်အမျိုးမျိုး ရှုပ်ထွေးနေခြင်းသည် ကုမ္ပဏီနာမည်ခံထားသည့် ကုန်ပစ္စည်းတိုင်း၏ ပင်ကိုလက္ခဏာလို ဖြစ်နေပါသည်။ ကုန်ဝယ်ယူမှုနှင့် ပတ်သက်သည့် မိမိ၏ ဆုံးဖြတ်ချက်တိုင်းသည် စက်ရုံများရှိ အလုပ်သမားများ၏ အခွင့်အရေးအပေါ် အပြုသဘောဖြစ်စေ အပျက် သဘောဖြစ်စေ သက်ရောက်နိုင်ပါသည်။

အဝတ်အထည် ကုမ္ပဏီကြီးများဘက်က ညံ့ဖျင်းသော ဆောင်ရွက်ပုံများကြောင့်လည်း အဝတ်အထည်ချုပ် စက်ရုံများ သည် လုပ်ငန်းခွင်အခွင့်အရေးချိုးဖောက်မှုများ ပြည့်နှက်နေသည့် စက်ရုံများထံ တရားမဝင် တစ်ဆင့်ခံ ကိုယ်စားချုပ်ပေးစေခြင်း အပါအဝင် ကုန်ကျစရိတ် လျှော့ချနည်းအမျိုးမျိုးကို သုံးစွဲလာကြပါသည်။ အခြားသော အခွင့်အရေးချိုးဖောက်မှုများတွင် လုပ်အားခ ခေါင်းပုံဖြတ်ခြင်း၊ အလုပ်သမားများကို အလုံအလောက် အနားယူချိန်မရှိဘဲ အလုပ်ပိုမိုလျင်မြန်စွာလုပ်ခိုင်းခြင်းနှင့် အန္တရာယ်ရှိသော သို့မဟုတ် ကျန်းမာရေးနှင့် မညီညွတ်သော လုပ်ငန်းခွင် အခြေအနေများတွင် လုပ်ခိုင်းခြင်းတို့ ပါဝင်ပါသည်။ 

အလုပ်သမားများကို ပိုမိုလျင်မြန်စွာ ချုပ်လုပ်ပြီးစီးအောင် တရစပ် ဖိအားပေးမှုအကြောင်း ပါကစ္စတန်နိုင်ငံရှိ စက်ရုံတစ်ရုံမှ အိမ်ထောင်မရှိသော အသက် ၂၄ နှစ်အရွယ် အလုပ်သမတစ်ဦးဖြစ်သည့် ဖော်ဇီယာခန်း က အောက်ပါအတိုင်း ပြောပြသည်။

ကျွန်မက အကျဉ်းထောင်ကြီးနဲ့တူတဲ့ အလုပ်ခွင်ကြီးကို မုန်းတယ်။ အိမ်သာမသွားရဘူး၊ ရေထ မသောက်ရဘူး၊ အလုပ်အလုပ်ချိန်အတွင်းမှာ မတ်တပ်မရပ်ရဘူး စသည်ဖြင့်ပေါ့။.... ပြီးတော့ နေ့ဘက်မှာ နားချိန် တစ်နာရီကလည်း လက်တွေ့မှာ နာရီဝက်ပဲ။ တစ်နာရီပြည့်ပြည့် ဘယ်တုန်းက နားချိန်အပြည့် ရခဲ့လဲ ဆိုတာတောင် မမှတ်မိတော့ဘူး။ 

အဝတ်အထည်ကုမ္ပဏီကြီးများသည် ၎င်းတို့၏ တစ်ကမ္ဘာလုံးပြန့်ကျဲနေသော ကုန်စည်ထုတ်လုပ်ပေးသည့် လုပ်ငန်းကွင်းဆက် များရှိ အခြေအနေများကို ထိရောက်စွာ စောင့်ကြပ်ကြည့်ရှုရာ၌ မကြာခဏ ရုန်းကန်ရလေ့ရှိပါသည်။ ကုမ္ပဏီအများအပြားက ၎င်းတို့ကို ကုန်ပစ္စည်းပေးသွင်းသည့် စက်ရုံများ၏တည်နေရာနှင့် မည်သည့်စက်ရုံများဟူသည်ကို ထုတ်ပြောရန် ငြင်းဆိုခြင်းဖြင့် ထိုပြဿနာကို ပိုမိုဆိုးရွားစေပါသည်။ ကုမ္ပဏီကြီးများ၏ ထိုကဲ့သို့ ပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများအပေါ် ၎င်းတို့ ကိုယ်တိုင်လည်း ဖော်ထုတ်ရန် ပျက်ကွက်သလို စောင့်ကြပ်ကြည့်ရှုဖော်ထုတ်မည့် တခြားကြားနေ အဖွဲ့များအတွက်လည်း ပိုမို ခက်ခဲအောင် လုပ်ဆောင်ခြင်းပင် ဖြစ်သည်။ ထို့ပြင် ကုမ္ပဏီအချို့သည် ၎င်းတို့ အလုပ်အပ်ရမည့် စက်ရုံများကို ရှာဖွေရာတွင် ကိုယ်တိုင်မရှာဘဲ ကြားခံပွဲစားအသုံးပြုကြသည်။ ထို့ပြင် အဆိုပါ စက်ရုံများ ဘယ်မှာရှိသည်၊ လုပ်ငန်းခွင်အခြေအနေ ကောင်းမွန်မှုရှိမရှိ၊ ဈေးနှုန်းသင့်တင့်မျှတမှု ရှိမရှိတို့ကိုလည်း ကုမ္ပဏီကြီးများက ပွဲစားများအား မရမက မေးမြန်းစုံစမ်းခြင်း မရှိပေ။

စားသုံးသူတို့၏ ပြောင်းလဲနေသော ဝယ်လိုအားများကို တုံ့ပြန်သည့်အနေဖြင့် ဈေးကွက်သည် အဝတ်အစား အမှတ်တံဆိပ်များကို ပို၍ပို၍ လျင်မြန်စွာ ထုတ်လုပ်ရောင်းချရန် လိုအပ်နေလေသည်။  သို့ရာတွင် ကုမ္ပဏီများသည် မိမိတို့ကုန်အပ်ထားသည့် စက်ရုံ၏ထုတ်လုပ်နိုင်အားကို သေချာမလေ့လာဘဲ သို့မဟုတ် အလုပ်သမားများကို နိုင်ငံတော်အလုပ်ပိတ်ရက်များနှင့် အပတ်စဉ် နားရက်များ တွက်ချက်၍ လုံလောက်သည့် အချိန်မပေးဘဲ အချိန်တိုတိုအတွင်း ၎င်းတို့ အပ်ထားသည့်ကုန်အမှာများ ပြီးစီးအောင် လုပ်ခိုင်းခဲ့လျှင် အလုပ်သမား အခွင့်အရေးချိုးဖောက်မှုများကို မီးလောင်ရာလေပင့်သလို ဖြစ်မည့် အလားအလာရှိကြောင်း လူ့အခွင့်အရေး စောင့်ကြပ်ရေးအဖွဲ့က တွေ့ရှိခဲ့သည်။ 

နှစ်ဖက်သဘောတူ စာချုပ်ချုပ်ဆိုထားခြင်းမရှိသည့် ကုမ္ပဏီများ၊ စာချုပ်ရှိလျှင်လည်း လက်ရောက်အပ်ရမည့်နေ့စွဲကို လျှော့ပေါ့မပေးသည့်၊ ကုန်အပ်နှံမှုနောက်ကျပါက ဒဏ်ငွေတပ်မှုများပါသည့် တစ်ဖက်သတ် စာချုပ်များ ချုပ်ဆိုထားသည့် ကုမ္ပဏီကြီးများကြောင့် အလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံရမည့် အန္တရာယ်များ မြင့်တက်ရပါသည်။ စာချုပ်များသည် တစ်ဖက်သတ် ချုပ်ဆို ထားပါက ကုမ္ပဏီကြီးများသည် ၎င်းတို့၏အမှားများအတွက် ကုန်ကျစရိတ်ဝန်ထုပ်ဝန်ပိုးကို စက်ရုံများ ပခုံးပေါ်သို့ လွှဲပြောင်းရန် ကြိုးပမ်းကြသည်။ ထိုအခါ စက်ရုံများကလည်း စရိတ်သက်သာစေမည့် နည်းအမျိုးမျိုး သုံးပြီး အလုပ်သမား များ၏ အခွင့်အရေးကို ချိုးဖောက်ကြပြန်သည်။ ချုပ်လုပ်ပေးသည့် စက်ရုံများကို အဖိုးအခ အချိန်မီ မပေးသည့် ကုမ္ပဏီများသည် အလုပ်သမားများ ၎င်းတို့၏လုပ်ခများနှင့် အကျိုးခံစားခွင့်များ လက်ခံရရှိရာတွင် နှောင့်နှေးကြန့်ကြာသည့် အန္တရာယ်အလားအလာများ ရှိစေကာ စက်ရုံများမှ မီးဘေးနှင့် အဆောက်အဦလုံခြုံရေး ဆောင်ရွက်ချက်များအတွက် ငွေကြေးမတည်နိုင်စွမ်းကို ဟန့်တားသည်။ မိမိဆန္ဒအရ လိုက်နာရသည့် ကျင့်ဝတ်စည်းကမ်းတစ်ရပ်ဖြစ်သည့် UK Prompt Payment Code သည် ကောင်းမွန်သော အလေ့အထတစ်ခု၏ နမူနာဖြစ်သည်။  

ညံ့ဖျင်းသည့် ဝယ်ယူမှုအလေ့အထများကို ပြင်ဆင်ရန်နှင့် ကုန်စည်ထုတ်လုပ်မှုဖြစ်စဉ်ကွင်းဆက် (supply chain) တစ်လျှောက် လူ့အခွင့်အရေး ချိုးဖောက်မည့် အန္တရာယ်များ လျော့နည်းစေရန် အဝတ်အထည်ကုမ္ပဏီကြီးများ အဓိက လုပ်ဆောင်ရမည့် အဆင့်များကို ဤအစီရင်ခံစာတွင် ဖော်ထုတ်ထားပါသည်။ ကုမ္ပဏီကြီးများသည် တာဝန်သိသည့် ရင်းမြစ်ရှာဖွေခြင်း မူဝါဒများကို  ကျင့်သုံးကာ ထုတ်ပြန်ကြေညာသင့်ပြီး ဌာနအားလုံးတွင် ထိုမူဝါဒများကို ထည့်သွင်း အသုံးပြုသင့်သည်။  အလုပ်သမားများနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ ၂၀၁၆ ခုနှစ် ညွန့်ပေါင်း အဖွဲ့အစည်း တစ်ရပ်က ရေးဆွဲခဲ့သော အနိမ့်ဆုံး စံချိန်စံနှုန်းဖြစ်သည့် Transparency Pledge နှင့်အညီ၊ ၎င်းတို့အတွက် ချုပ်ပေးနေသည့် စက်ရုံများစာရင်းကို ထုတ်ပြန်သင့်သည်။  ကုမ္ပဏီနှင့် စက်ရုံများအကြား ကြားခံပွဲစားများ အသုံးပြုခြင်းကို ပြန်လည်သုံးသပ်ကာ ပစ္စည်းပေးသွင်းသူများနှင့်၎င်းတို့၏ သဘောတူညီချက်၊ စည်းကမ်းချက် များကို စာချုပ်တွင် ချရေးသားထားရမည်ဖြစ်သလို မျှမျှတတဖြစ်အောင်လည်း မဖြစ်မနေဆောင်ရွက်သင့်သည်။ 

အမှတ်တံဆိပ်များသည် ကုန်ပစ္စည်းပေးသွင်းသူများက အမှတ်တံဆိပ်များ၏ ဝယ်ယူမှုအလေ့အထများကို အမှတ်ပေးပြီး ရလဒ်များတွင် ၎င်းတို့မည်သည့်အဆင့်၌ ရှိကြောင်း အစီရင်ခံနိုင်သည့် Better Buying ကဲ့သို့ စစ်တမ်းများတွင် ပါဝင်ခြင်း၊ လုပ်အားကုန်ကျစရိတ်များနှင့် လူမှုရေးလိုက်နာမှုအတွက် ရှင်းပြကာ လုပ်အားကုန်ကျစရိတ် တွက်ချက်သည့် Fair Wear Foundation မှ ပြုလုပ်ထားသော ခေတ်မီ ကိရိယာများ အသုံးပြုခြင်း တို့ကို ဆောင်ရွက်သင့်သည်။ ထို့ပြင် ACT (Action, Collaboration, Transformation) (ဆောင်ရွက်မှု၊ ပူးပေါင်းလုပ်ကိုင်မှု၊ ပြောင်းလဲမှု) ကဲ့သို့သော ဝယ်ယူမှုအလေ့အထများအပေါ် အမှတ်တံဆိပ် စုပေါင်းပြုပြင်ရေးကို ကဏ္ဍအလိုက် စုပေါင်းညှိနှိုင်းရေး သဘောတူညီချက်များနှင့် ပေါင်းစပ်သည့် ဆောင်ရွက်လှုပ်ရှားမှုများတွင် ပါဝင်သင့်သည်။ ၎င်းတို့သည် ကုန်ပစ္စည်းပေးသွင်းသူများရှိ သမဂ္ဂ စာချုပ်များနှင့် အစုအဖွဲ့လိုက် တောင်းဆိုညှိနှိုင်းခြင်း စာချုပ်များ အရေအတွက်နှင့် စက်ရုံလည်ပတ်မှုများ အပေါ် သက်ရောက်သည့် ဝယ်ယူမှုအလေ့အထများ ပိုမိုကောင်းမွန်အောင် ၎င်းတို့ ဆောင်ရွက်သည့် အဆင့်များကို လူသိရှင်ကြား အစီရင်ခံသင့်သည်။ 

အစိုးရများအနေဖြင့် ဥပဒေများပြဋ္ဌာန်းပြီး ကုမ္ပဏီကြီးများ၏ ကမ္ဘာတစ်ဝန်း လက်ခစား ချုပ်လုပ်ပေးသည့် ကွင်းဆက်တစ်ခုလုံး လူ့အခွင့်အရေးကိုအထူးအလေးပေး အကဲဖြတ်မှုကို မဖြစ်မနေ လိုက်နာအောင် ဆောင်ရွက်သင့်သည်။ ထို့ပြင် အဆိုပါ ဥပဒေများတွင် ၎င်းတို့၏စီးပွားရေးလုပ်ငန်း အလေ့အထများကို စောင့်ကြပ်ကြည့်ရှုရန်နှင့် ပြုပြင်ရန် ဆောင်ရွက်ချက်များလည်း ပါဝင်သင့်သည်။

“ကုမ္ပဏီတွေဟာ မူဝါဒတွေကို စာရွက်ပေါ်ဖော်ပြထားရုံ၊ ဘာဖြစ်ရမည် ညာဖြစ်ရမည်ဆိုပြီး ကြွေးကြော်ထားတဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ရုံမျှနဲ့တော့ သူတို့ကို မချီးကျူးသင့်သေးပါဘူး။ အဓိကက ရလဒ် ပိုင်း နဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့ပါ။ ကုမ္ပဏီတွေဘက်က အရေးတကြီး လိုအပ်နေတဲ့ အရာကတော့ ဝယ်ယူအားပေးသူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ အလုပ်သမားတွေ၊ အလုပ်သမား အရေး ဆောက်ရွက်သူတွေရဲ့ အမြင်မှာ သူတို့ရဲ့ညံ့ဖျင်းတဲ့ စီးပွားရေးအလေ့အထတွေကို ပြောင်းလဲဖို့ သူတို့ ဘယ်လိုလုပ်ဆောင်ခဲ့တယ် ဆိုတာကို ပြသဖို့ပဲဖြစ်ပါတယ်” ဟု ကရှပ်က ပြောသည်။

ရွေးချယ်ကောက်နုတ်ချက်များ

“ရင်းမြစ်ရှာဖွေရေးအဖွဲ့များနှင့် ဝယ်လက်များအပေါ် ဖိအားမှာ [စက်ရုံတစ်ရုံ၌ ထုတ်လုပ်ရေးအတွက်] ပိုမိုကောင်းမွန်သော [ပိုသက်သာသော] ဈေးနှုန်းရှာတွေ့ရေးပင် အမြဲဖြစ်သည်။ …မပြုလုပ်သည့်အရာမှာ တစ်နေရာ [ဈေးနှုန်း] ၌ တွန်းခြင်း၏ အန္တရာယ်နှင့် အခြားတစ်နေရာ [စက်ရုံလုပ်ငန်းခွင်အခြေအနေများ] ၌ ထွက်ပေါ်လာသည့် ရလဒ်တို့အကြား တိုက်ရိုက် ဆက်နွှယ်မှုပင်ဖြစ်သည်။ ယင်းမှာ စီးပွားရေးလုပ်ငန်း မော်ဒယ်နှင့် ဆိုင်သည်။”

– ကုမ္ပဏီထုတ်အမှတ်တံဆိပ်အမျိုးမျိုးအတွက် အဝတ်အစား၊ ဖိနပ်နှင့် အဝတ်အစားမဟုတ်သည့် ထုတ်ကုန်များ ရင်းမြစ်ရှာသည့် အတွေ့အကြုံ ၂၅ နှစ်ကျော်ရှိသော လုပ်ငန်းကျွမ်းကျင်သူပညာရှင်၊ လန်ဒန်မြို့၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ။ 

“ဈေးနှုန်းညှိနှိုင်းမှု မရှိပါ။ ၎င်းတို့အတွက် ရွေးချယ်စရာများ [အခြား ကုန်အမှာလက်ခံမည့်သူ] များလွန်းနေသည် …. ၎င်းတို့ [ကုမ္ပဏီများ] အတွက် ယင်းမှာ ကြက်ဥများဝယ်သကဲ့သို့ပင်ဖြစ်သည်။”

– အမည်မဖော်ရန် တောင်းဆိုခဲ့သည့် ပါကစ္စတန်နိုင်ငံမှ ကုန်အမှာလက်ခံချုပ်ပေးသူ၊ ၂၀၁၈ ခုနှစ် ဇွန်လ။

“ကျွန်ုပ်အတွက် အလုပ်သမားများကို အချိန်ပိုလုပ်စေ၍ ကုန်ပစ္စည်းပေးပို့ရမည့်ရက်စွဲ မီအောင်ကြိုးပမ်းခြင်းက နှောင့်နှေးကြန့်ကြာသွား၍ လေယာဉ်ခများပေးရခြင်းထက် ဈေးပိုသက်သာပါသည်။”

– အမည်မဖော်ရန် တောင်းဆိုခဲ့သည့်အရာရှိ၊ တရုတ်နိုင်ငံ၊ အရှေ့တောင်အာရှနှင့် တောင်အာရှတို့တွင် နိုင်ငံတကာ အဝတ်အထည် အမှတ်တံဆိပ် ၁၇ ခုမှ အခု ၂၀ အထိ ကုန်ပစ္စည်းပေးသွင်းနေသော အထည်စက်ရုံများကို စီမံခန့်ခွဲသည့်အဖွဲ့၊ အရှေ့တောင်အာရှ၊ ၂၀၁၈ ခုနှစ် ဧပြီလနှင့် မေလ။ 

“ကုန်ပစ္စည်းအမှာများကြောင့် အလုပ်သမားများမှာ OT [အချိန်ပို] လုပ်ကောင်းလုပ်နိုင်ရသည်။ ပေးပို့ရမည့်နေ့များဖြင့် အမှာများကို ကျွန်ုပ်တို့ လက်ခံသော်လည်း ပုံစံ၊ နမူနာ၊ အစရှိသည်တို့အတွက် ခွင့်ပြုချက်အားလုံး မရှိ ဖြစ်ကောင်း ဖြစ်နိုင်သည်။ ထို့ကြောင့် ၎င်းလုပ်ငန်းစဉ်တွင် ကျွန်ုပ်တို့ ပေးပို့သည့်နေ့မှာ ဖိအားပေးခံရသည်။ ထိုအခါ ပေးပို့ရမည့်ရက်စွဲမီရန် ကျွန်ုပ်တို့ လုပ်နိုင်သည်ကို လုပ်ရသည်။ အချို့ကုမ္ပဏီများ [စက်ရုံများ] သည် ပိုမို ချက်ချာပါးနပ်၍ - OT သို့မဟုတ် လေယာဉ်ခ - မည်သည့်အရာက ပိုမိုကုန်ကျသည်ကို တွက်ကြသည်။”

– အမည်မဖော်ရန်တောင်းဆိုခဲ့သော ပါကစ္စတန်နိုင်ငံမှ ကုန်ပစ္စည်းပေးသွင်းသူ၊ ၂၀၁၈ ခုနှစ် ဇွန်လ။

“ချိတ်ပေးသည့်ပွဲစားတစ်ဦးက ပစ္စည်းတစ်ခုလျှင် ပုံသေနှုန်း ၁၀ ရူပီး (US$ဝ.၁၄) သတ်မှတ်သည်။ အဝတ်အထည် တစ်ခုလုံး ရူပီး ၅၀ ($ဝ.၇၂) ကုန်ကျသည်ဖြစ်စေ၊ ရူပီး ၅၀၀ ($၇.၂၀) ကုန်ကျသည်ဖြစ်စေ အရေးမကြီးပေ။”

– အမည်မဖော်ရန် တောင်းဆိုခဲ့ပြီး၊ ကိုယ်စားလှယ်များက ကုန်ပစ္စည်းပေးသွင်းသူများကို တောင်းသည့် “ကော်မရှင်များ” အကြောင်းပြောနေခဲ့သည့် အိန္ဒိယနိုင်ငံမှ ကုန်ပစ္စည်းပေးသွင်းသူ၊ ၂၀၁၈ ခုနှစ် စက်တင်ဘာလ။ 

“အမှတ်တံဆိပ်တစ်ခုမှ [စက်ရုံတစ်ခုကို] ၎င်းတို့သည် အခု တစ်သိန်းခွဲမှာမည်ဟု ပြောပြီးနောက် အမှန်တကယ် မှာကြားချိန်ရောက်သည့်အခါ ပြောင်း၍ အခု နှစ်သိန်းခွဲတောင်းသောအခါ သင်သည် OT [အချိန်ပို] လုပ်ရတော့မည်၊ သို့မဟုတ် တစ်ဆင့်ခံ ကန်ထရိုက်ပေးရတော့မည် ဖြစ်သည်။”

– အမည်မဖော်ရန် တောင်းဆိုခဲ့သော လုပ်ငန်းအတွေ့အကြုံ အနှစ် ၃၀ ကျော်ရှိသည့် ရင်းမြစ်ရှာရာ၌ ကျွမ်းကျင်သူပညာရှင်၊ အမေရိကန်ပြည်ထောင်စု၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ။ 

Your tax deductible gift can help stop human rights violations and save lives around the world.

Most Viewed