Skip to main content

ထောက်လှမ်းရေးကင်မရာ မျက်နှာမှတ်မိသောစနစ်က လူ့အခွင့်အရေးကို ခြိမ်းခြောက်နေ

ကင်မရာထောက်လှန်းရေးစနစ်နှင့် ဒေတာစုဆောင်းခြင်းက စစ်အစိုးရကို အကူအညီပေးနေ

A police officer takes photos of protesters in Yangon, Myanmar on Wednesday, Feb. 24, 2021.  © 2021 AP Photo

(ဓာတ်ပုံ) – ရဲအရာရှိတစ်ယောက်မှ ဆန္ဒပြသူများကို ဓာတ်ပုံရိုက်နေစဉ်၊ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄  (၂၀၂၁၊ အေပီဓာတ်ပုံ)

မြန်မာနိုင်ငံမြို့ကြီးများ၏ လူအသွားအလာများသော နေရာများတွင် တပ်ဆင်ထားသော ကင်မရာများတွင်ပါရှိသော မျက်နှာမှတ်မိသောစနစ်နှင့် ကားနံပါတ်ပြားများကိုဖတ်နိုင်သောစနစ်များမှာ ပြည်သူလူထု၏အခြေခံအခွင့်အရေးကို ပြင်းထန်စွာ ခြိမ်းခြောက်နေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က မတ်လ ၁၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အစိုးရက ဆန္ဒပြသူများနှင့် ကန့်ကွက်သူများကို သေသည်အထိ ပစ်ခတ်နှိမ်နင်းနေသည့်အပြင် အေအိုင်ကွန်ပြူတာဉာဏ်ရည် (Artificial Intelligence, AI) ကို အသုံးချပြီး ထောက်လှန်းရေးလုပ်ငန်းများကိုပါ လုပ်ဆောင်နေခြင်းမှာ အင်မတန်စိုးရိမ်ဖွယ်ရာ ဖြစ်သည်။

“လုံခြုံစိတ်ချရသောမြို့” (Safe City) စီမံကိန်းပထမအဆင့်အနေဖြင့် နေပြည်တော်မှ ၈ မြို့နယ်တွင် ထောက်လှမ်းရေးကင်မရာ ၃၃၅ ခုကို မြန်မာအာဏာပိုင်များက ၂၀၂၀၊ ဒီဇင်ဘာ ၁၄ ရက်တွင် စတင်တပ်ဆင်ခဲ့သည်။ အဆိုပါကင်မရာများမှာ ဟွားဝေ ကုမ္ပဏီမှဖြစ်ပြီး မျက်နှာနှင့် ကားနံပါတ်များကို အလိုအလျာက်မှတ်သားထားနိုင်သော အေအိုင်စနစ်ပါဝင်သဖြင့် ဝရမ်းထုတ်ထားသူများကို တွေ့ရှိပါက ချက်ချင်းအသိပေးမည် ဖြစ်သည်။ “လုံခြုံစိတ်ချရသောမြို့” စီမံကိန်းကို မန္တလေးမြို့တွင် ၂၀၂၁ နှစ်လယ်တွင် အကောင်အထည်ဖော်ရန် ယာထားပြီး နောင်တွင် ရန်ကုန်မြို့တွင်လည်း ဆက်လက်လုပ်ဆောင်သွားမည်။

“အင်အားကောင်းတဲ့ အဲဒီထောက်လှန်းရေးစနစ်က မြန်မာစစ်အစိုးရရဲ့ တနေ့တခြား ရုန့်ရင်းကြမ်းတမ်းလာနေတဲ့ ဖြိုခွင်းမှုတွေကို အထောက်အကူဖြစ်စေတယ်”ဟု အာရှသုတေသီ ဒေါ်မန်နီမောင်က ပြောကြားသည်။ “လမ်းပေါ်က လူတွေကို ချက်ချင်းမှတ်မိနိုင်တာ၊ သူတို့ဘယ်သွားတယ်၊ ဘယ်သူတွေနဲ့တွေ့တယ် စသဖြင့် သူတို့ရဲ့ ကိုယ်ပိုင်ဘဝတွေထဲကို ကင်မရာတွေနဲ့ လိုက်ကြည့်နိုင်တာက အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားသူတွေအတွက် အင်မတန် အန္တရာယ်များတယ်။”

ဒေါ်လာ ၁.၂ သန်းတန် အဆိုပါစီမံကိန်းတွင် သုံးစွဲမည့် ကိရိယာအားလုံးလိုလိုမှာ ဟွားဝေ ကုမ္ပဏီမှ ထုတ်လုပ်သည်ဟု အစိုးရဝန်ထမ်းတစ်ဉီး၏ပြောဆိုချက်ကို မြန်မာနောင်း (Myanmar Now)မှာ ဖော်ပြခဲ့သည်။ နေပြည်တော်တွင် အခြေစိုက်သော လင်း အိုင်တီကုမ္ပဏီ (Linn IT Solutions)က အဆိုပါကင်မရာများ ထိန်းချုပ်ရေးဗဟိုစခန်းကို တည်ဆောက်ရန်တင်ဒါအောင်ခဲ့ပြီး နန်းယိုး(Nang Yoe) ကုမ္ပဏီမှ ကင်မရာများနှင့် ဆက်သွယ်ရေးလိုင်းကြိုးများကို တပ်ဆင်မည် ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ ဟွားဝေက လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကို ပေးသော ဖေဖော်ဝါရီ ၂၂ ရက်စွဲပါ စာတွင် ဆက်သွယ်ရေးပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုအနေဖြင့် ၄င်းတို့မှာ “သာမန်အိုင်စီတီအခြေခံပစ္စည်းကိရိယာများ” (အိုင်စီတီ ICT ဆိုသည်မှာ သတင်းနှင့်ဆက်သွယ်ရေးနည်းပညာ၊ information and communications technology ကို ရည်ညွှန်းသည်) ကိုသာ ရောင်းချနေကြောင်း ပြောကြားထားသဖြင့် ၄င်းတို့မှ မြန်မာအစိုးရကို ထောက်လှမ်းရေးကင်မရာများ ရောင်းချခဲ့သည်ဟု ယူဆနိုင်သည်။

မျက်နှာနှင့်ကားနံပါတ်ကို မှတ်မိသော နည်းပညာမှာ ဟွားဝေက မဟုတ်ဟု ဆိုသည်။ “အဆိုပါ စီမံကိန်းတွင် အခြားကုမ္ပဏီများလည်း ပါဝင်ပြီး သင်တို့ အာရုံစိုက်နေသော အက်ပ် ဆော့ဝဲလ်မှာ ဟွားဝေမှ မဟုတ်ပါ။ ပိုပြီးအရေးကြီးသည်မှာ ဟွားဝေသည် အဆိုပါစီမံကိန်းလည်ပတ်မှုနှင့် ဒေတာများကို ထိန်းသိမ်းခြင်း၊ အသုံးပြုခြင်းတို့တွင် ပါဝင်ပတ်သတ်ခြင်းမရှိပါ” ဟုလည်း ဆိုသည်။ သို့သော် ဟွားဝေမှ မြန်မာအစိုးရကို ထောက်လှမ်းရေးကင်မရာများနှင့် စပ်ဆက်သောပစ္စည်းများ ရောင်းချရာတွင် ဆော့ဝဲလ်များ မပါဘဲ ရောင်းချခဲ့သည် သို့မဟုတ် ဆော့ဝဲလ်များ တပ်ဆင်ခြင်းကို အခြားကုမ္ပဏီများသို့ လက်ဝေခံကန်ထရိုက်ပေးခဲ့သည် ဟု ရှင်းရှင်းလင်းလင်း မဖော်ပြခဲ့ပေ။

“လုံခြုံစိတ်ချရသောမြို့” စီမံကိန်းများကို နေပြည်တော်နှင့် မန္တလေးတို့တွင် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များကတည်းက စတင်ခဲ့သည်။ မတ်လ ၂၀၁၉ တွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေါ်လာ ၁.၂ သန်းတန် “လုံခြုံစိတ်ချရသောမြို့” စီမံကိန်းကို ဟွားဝေကုမ္ပဏီနှင့် ပူးတွဲလုပ်ဆောင်မည်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းမှာ မြို့လူထုအတွက် ပိုမိုလုံခြုံလာစေပြီး ရာဇဝတ်မှုများ ကျဆင်းနိုင်စေကြောင်း ကြေညာခဲ့သည်။

မန္တလေး“လုံခြုံစိတ်ချရသောမြို့” စီမံကိန်းအဆိုပြုလွှာအရ ဟွားဝေက ထောက်လှမ်းရေးကင်မရာများနှင့် မှတ်တမ်းကိရိယာများကို ရောင်းချမည်ဖြစ်သည်၊ အခြားကန်ထရိုက်များကို ငှားရမ်းတပ်ဆင်ခိုင်းပြီး ဟွားဝေက ကြီးကြပ်ပေးမည်၊ မန္တလေးတိုင်းဒေသကြီးအတွက် နည်းပညာဆိုင်ရာအထောက်အပံ့လည်း ပေးမည်ဖြစ်သည် ဟု သိရသည်။ နေပြည်တော်နှင့် မန္တလေးစီမံကိန်းနှစ်ခုစလုံးတွင် မျက်နှာပုံရိပ်များ၊ ကားနံပါတ်နှင့်ဆိုင်သောသတင်းအချက်အလက်များနှင့် အခြားပုဂ္ဂိုလ်ရေးဆိုင်ရာဒေတာများကို မည်သို့စုဆောင်းမည်၊ ထိန်းသိမ်းမည်၊ အသုံးပြုမည်ဟူ၍ ပွင့်လင်းမြင်သာအောင် မထုတ်ပြန်ခဲ့ပေ။ မည့်သည့်အစိုးရအရာရှိများမှ မည်သည့်အခြေအနေများတွင် အဆိုပါဒေတာများကို ကြည့်ခွင့်ရှိသည် ဆိုသည်မှာလည်း မရှင်းလင်းပေ။ ရွေးကောက်တင်မြှောက်ခံ အရပ်သားအစိုးရနေရာတွင် စစ်အစိုးရ ရှိနေခြင်းမှာလည်း လူ့အခွင့်အရေးအတွက် ပိုမိုစိုးရိမ်စရာဖြစ်သည်ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောကြားသည်။

မျက်နှာမှတ်မိသောနည်းပညာကို အများပြည်သူဝင်ထွက်သွားလာသောနေရာများတွင် တပ်ဆင်ခြင်းမှာ အပြစ်မရှိသောလူအချို့ကို ရာဇဝတ်မှုကျူးလွန်ထားသူများဟု ကောက်ချက်လွဲစေနိုင်သည်။ ထိုနည်းပညာသည် အမှားအယွင်းကင်းလျှင်တောင်မှ လူထု၏အကျင့်စရိုက်များနှင့် လှုပ်ရှားမှုများကို အစိုးရကို သိရှိစေမည်ဖြစ်ပြီး လွတ်လပ်စွာသဘောထုတ်ဖော်ခွင့်၊ အဖွဲ့အစည်းဖွဲ့ခွင့်နှင့် စုဝေးခွင့်စသော အခွင့်အရေးများကို ထိပါးစေလိမ့်မည်။ တိုင်းရင်းသားဖြစ်မှု သို့မဟုတ် ဘာသာရေးကို အခြေခံပြီး လူတဉီးချင်းစီကို ခွဲထုတ်ရာတွင်လည်း ထိုနည်းပညာကို အသုံးချနိုင်သည်။

ဉပမာအားဖြင့် တရုတ်နိုင်ငံတွင် မျက်နှာနှင့်နံပါတ်ပြားကို မှတ်မိစေသောနည်းပညာကို လူထုအား စောင့်ကြည့်ထောက်လှမ်းရန်အတွက် အသုံးပြုနေပြီ ဖြစ်သည်။ တရုတ်ပြည်၊ ရှင်းဂျန်ပြည်နယ်တွင် လူနည်းစု တခ်အနွယ်ဝင်ဖြစ်သော ဝီဂါလူမျိုးများ၏ နေ့စဉ်သွားလာလှုပ်ရှားမှုများနှင့် ဆက်ဆံမှုများကို အမြဲမပြတ် စောင့်ကြည့်နေခြင်းမှာ အလွဲသုံးစားလုပ်ခြင်းဖြစ်သည်။ အဆိုပါစနစ်မှာ အဖမ်းခံရဖူးသူ၊ ထောင်ကျခံရဖူးသူ၊ နိုင်ငံရေးသင်တန်းသို့ အပို့ခံရဖူးသူများ၏ မျက်နှာများကို မှတ်သားပြီး ပြသနာရှာနိုင်သည့်သူများအဖြစ် အာဏာပိုင်များဆီသို့ ပေးပို့နေသည်။

မြန်မာနိုင်ငံတွင် မျက်နှာနှင့်နံပါတ်ပြားကို မှတ်မိစေသောနည်းပညာကို စတင်သုံးစွဲရာတွင် လူထု၏သဘောထားခံယူခြင်းမရှိ၊ ပွင့်လင်းမြင်သာမှုလဲ မရှိဘဲ လုပ်ဆောင်ခဲ့သည်။ ထိုနည်းပညာကြောင့်ဖြစ်လာနိုင်သော လူ့အခွင့်အရေးနှင့် ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့် ချိုးဖောက်မှုများ လျော့နည်းအောင် အာဏာပိုင်များက မည်ကဲ့သို့ပြုလုပ်မည်ဆိုသည်မှာ မရှင်းလင်းပေ။

ဖေဖော်ဝါရီ ၁၃ ရက်တွင် စစ်အစိုးရက ၂၀၁၇ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့်လုံခြုံမှုကို ကာကွယ်ပေးရေးဉပဒေ အပိုဒ် ၅၊ ၇ နှင့် ၈ တို့ကို ဆိုင်းငံ့လိုက်သည်။ ထို့ကြောင့် အခြေခံအကာအကွယ်များဖြစ်သော အကြောင်းပြချက်မဲ့ဖမ်းဆီးခြင်းနှင့် ဝရမ်းမပါဘဲစောင့်ကြပ်ကြည့်ရှုခြင်း၊ ရှာဖွေခြင်းနှင့် သိမ်းဆည်းခြင်းတို့မှ လွတ်မြောက်နိုင်သည့်အခွင့်အရေးများကို မြန်မာနိုင်ငံသားများ ဆုံးရှုံးသွားသည်။

ထိုဉပဒေ အပိုဒ် ၅ အရ ရဲတပ်ဖွဲ့က အိမ်တစ်အိမ်ကို ဝင်ရောက်ရှာဖွေမည်ဆိုပါက “နိုင်ငံသားတို့၏ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှု သို့မဟုတ် လုံခြုံမှုကို မထိခိုက်စေရန်” သက်သေ ၂ ယောက်လိုသည်။ ထိုအပိုဒ်ကို ဆိုင်းငံ့လိုက်ခြင်းကြောင့် ရဲတပ်ဖွဲ့က ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းများတွင် အလွဲသုံးစားမှုများ ပိုဖြစ်လာနိုင်သည်။ အပိုဒ် ၇ အရ လူတစ်ယောက်ကို ၂၄ နာရီထက် ပိုပြီး ထိန်းသိမ်းထားမည်ဆိုပါက တရားရုံးအမိန့်လိုသည်။ အပိုဒ် ၇ ကို ဆိုင်းငံ့လိုက်ခြင်းကြောင့် စွဲချက်တင်ခံရသူ မည်သူမဆို တရားသူကြီးနှင့် အမြန်ဆုံး တွေ့နိုင်ရမည်ဆိုသော နိုင်ငံတကာဉပဒေကို ချိုးဖောက်ရန် လွယ်ကူစေသည်။

အပိုဒ် ၈ မှာ နိုင်ငံသားတိုင်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုကို အကာအကွယ်ပေးထားသည်။ ထိုအပိုဒ်အရ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုနှင့် သိက္ခာတို့ကို ထိခိုက်စေနိုင်သည့် ရှာဖွေမှု၊ ပစ္စည်းသိမ်းဆည်းမှု၊ စောင့်ကြပ်ကြည့်ရှုမှု၊ ထောက်လှမ်းရေးပြုလုပ်မှုနှင့် မေးမြန်းစုံစမ်းမှုများကို တရားရုံးအမိန့်မပါဘဲ ပြုလုပ်၍ မရပါ။ ထိုအပိုဒ်ကိုလည်း စစ်အစိုးရက ဆိုင်းငံ့လိုက်ပြီ ဖြစ်သည်။

ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုဉပဒေသာမက မည်သည့်မြန်မာဉပဒေတွင်မှာမှ ပုဂ္ဂိုလ်ရေးဆိုင်ရာဒေတာကို စုဆောင်းပုံ၊ အသုံးပြုပုံ၊ ထိန်းသိမ်းပုံ ပြဌာန်းချက်များ မပါရှိပေ။ ထိရှလွယ်သော ပုဂ္ဂိုလ်ရေးဒေတာများ၊ လက်ဗွေအစရှိသော ဘိုင်အိုမက်ထရစ်ဒေတာများ (biometrics) နှင့် ၄င်းတို့ကို အသုံးပြုပုံ ပြဌာန်းချက်များလည်း မရှိပေ။

နိုင်ငံတကာဉပဒေအရ အစိုးရက ထိရှလွယ်သော ပုဂ္ဂိုလ်ရေးဆိုင်ရာဒေတာ (ကားနံပါတ်ပြားများနှင့် ဘိုင်အိုမတ်ထရစ်ဒေတာများအပါအဝင်) များကို ကောက်ယူအသုံးပြုရာတွင် နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများကို လိုက်နာရမည်။ အထူးသဖြင့် လူမှုရေးနှင့်နိုင်ငံရေးအခွင့်အရေးများကို အကာအကွယ်ပေးသော နိုင်ငံတကာပြဌာန်းချက် (Internatioal Covenant on Civil and Political Rights, ICCPR) အပိုဒ် ၁၇ တွင် “လူတစ်ယောက်၏ ပုဂ္ဂိုလ်ရေး၊ မိသားစုရေး၊ အိမ်တွင်းရေးနှင့် စာပေးစာယူကိစ္စများတွင် အကြောင်းပြချက်မရှိဘဲ သို့မဟုတ် ဉပဒေနဲ့မညီညွတ်ဘဲ မည်သူမျှ စွက်ဖက်ခြင်းမပြုရ”၊ “လူတိုင်းတွင် ထိုကဲ့သို့ စွက်ဖက်ခြင်း၊ တိုက်ခိုက်ခြင်းများကို ဉပဒေအရ ကာကွယ်နိုင်ခွင့်ရှိသည်” ဟု ပြဌာန်းထားသည်။ ICCPR ဉပဒေ လက်မှတ်ထိုးထားသောနိုင်ငံများတွင် မြန်မာနိုင်ငံ မပါဝင်သော်လည်း နိုင်ငံတကာဉပဒေကျင့်ထုံးကို ရောင်ပြန်ဟပ်သော အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းတွင် အလားတူအခွင့်အရေးများကို အာမခံချက်ပေးထားသည်။

ပုဂ္ဂိုလ်ရေးဆိုင်ရာဒေတာကို ကောက်ယူ၊ ထိန်းသိမ်းသုံးစွဲမှုတိုင်းကို ဉပဒေနှင့်အညီ ထိန်းသိမ်းရမည်ဖြစ်ပြီး ဒေတာအလွန်အကျွံမကောက်ယူရန်၊ လိုအပ်မှသာ လုပ်ဆောင်ရန်နှင့် ဉပဒေဘောင်အတွင်းမှလုံခြုံရေးရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက်သာ သုံးစွဲရန် မြန်မာအာဏာပိုင်များက သေချာအောင် လုပ်ဆောင်သင့်သည်။ မျက်နှာပုံရိပ်များကို စုဆောင်းခြင်းနှင့် စိစစ်ခြင်းတို့မှာ ပုဂ္ဂိုလ်ရေးနှင့်ဆက်စပ်သော လူ့အခွင့်အရေးများကို ချိုးဖောက်ရာရောက်သဖြင့် မျက်နှာမှတ်မိသောစနစ်များ သုံးစွဲခြင်းကို လုံးဝ ရှောင်ကျဉ်သင့်သည်။

နည်းပညာကုမ္ပဏီများမှာ ၄င်းတို့၏ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအကူအညီဖြင့် ပုဂ္ဂိုလ်ရေးချိုးဖောက်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ မဖြစ်ပေါ်စေရန် သေချာအောင်လုပ်ဆောင်ရန် တာဝန်ရှိသည်ဟု ကုလသမဂ္ဂ၏ စီးပွားရေးနှင့်လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက်များတွင် ပြဌာန်းထားသည်။

“အာဏာမသိမ်းခင် မြန်မာအစိုးရက ရာဇဝတ်မှုတိုက်ဖျက်ရေးလို့ နာမည်ခံပြီး လူထုကို စောင့်ကြပ်ကြည့်ရှုတဲ့နည်းပညာတွေကို သွင်းခဲ့တယ်၊ ဒါပေမဲ့ တကယ်က အလွဲသုံးစားစစ်အစိုးရကို အားပေးနေသလိုပဲ။ နောက်ထပ် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တားဆီးတဲ့အနေနဲ့ အဲဒီနည်းပညာစက်ပစ္စည်းတွေ တင်သွင်းတာကို ရပ်ဆိုင်းထားသင့်တယ်” ဟု ဒေါ်မန်နီမောင်က ပြောသည်။

Your tax deductible gift can help stop human rights violations and save lives around the world.