Skip to main content

မြန်မာနိုင်ငံတွင် လူရာနှင့်ချီ၍ ပျောက်ဆုံးစာရင်းဝင်နေ

ပျောက်ဆုံးနေသော နိုင်ငံရေးသမားများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ဘယ်မှာလဲ၊ နှိပ်စက်ညှင်းပန်းမှုနှင့် အသက်အန္တရာယ် ကြုံတွေ့နေရပြီလား

မန္တလေးမြို့၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့ စစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုတွင် ဆန္ဒပြသူတစ်ဉီးကို ရဲမှ ဖမ်းဆီးနေပုံ (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၁)၊ အေပီဓာတ်ပုံ © AP Photo

(ဘန်ကောက်) – ဖေဖော်ဝါရီ ၁၊ ၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်မှစ၍ လူရာနှင့်ချီ၍ ပျောက်ဆုံးစာရင်းဝင်နေကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ယနေ့ပြောကြားသည်။ မြန်မာအာဏာပိုင်များသည် နိုင်ငံရေးသမားများ၊ ရွေးကောက်ပွဲအရာရှိများ၊ ဂျာနယ်လစ်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ဆန္ဒပြသူများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မပြောဆိုဘဲ ရှေ့နေများ၊ မိသားစုဝင်များနှင့်ပါ တွေ့ဆုံခွင့်မပေးခြင်းမှာ နိုင်ငံတကာဉပဒေကို ချိုးဖောက်နေခြင်းဖြစ်သည်။

နိုင်ငံတဝှမ်း စစ်တပ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲများ၊ CDM လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူဟု သံသယရှိသူများကို လုံခြုံရေးတပ်ဖွဲ့များက ညအချိန်တွင် အိမ်ထဲအထိ အတင်းအဓမ္မဝင်ရောက်ဖမ်းဆီးနေသည်။ နှစ်လအတွင်းအဖမ်းခံခဲ့ရသော အကျဉ်းသားဉီးရေ ၂၅၀၀ ကျော်ထဲမှ အနည်းငယ်သာ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို သိရသည်ဟု နိုင်ငံရေးအကျဉ်းသားများကာကွယ်စောင့်ရှောက်ရေးအသင်းက လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ကို ပြောကြားသည်။

“စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူတွေကို မကြောက်ကြောက်အောင် စစ်ကောင်စီက မတရားဖမ်းဆီးမှုတွေ၊ ပျောက်ဆုံးစာရင်းသွင်းမှုတွေကို တွင်တွင်ကျယ်ကျယ်လုပ်ပြနေတာ”ဟု အာရှဒေသညွှန်ကြားရေးမှူး ဘရက်အဒမ်စ် က ပြောကြားသည်။ “အလွဲသုံးစားလုပ်တဲ့စစ်တပ်ကို အရေးယူတဲ့အနေနဲ့ ပူပန်နေတဲ့ အစိုးရတွေက ပျောက်နေတဲ့လူတိုင်းကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုပြီး စစ်အစိုးရခေါင်းဆောင်တွေကို အမည်တပ်စီးပွားရေးဒဏ်ခတ်မှုတွေ ပြုလုပ်ဖို့လိုပါတယ်။”

လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က စစ်အာဏာသိမ်းချိန်ကစပြီး ပျောက်နေသည်ဟုယူဆရသော လူ ၁၆ ယောက်၏ မိသားစုဝင်များ၊ မျက်မြင်သက်သေများနှင့် ရှေ့နေများကို မေးမြန်းခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်၊ မနက် ၅ နာရီခွဲတွင် စစ်ဝတ်စုံဝတ်ထားသော စစ်သား ၄ ယောက်နှင့် အရပ်ဝတ်ဝတ်ထားသော လူ ၁ ယောက်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ကိုမြအေးအား သူနေထိုင်ရာ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်နေအိမ်သို့ လာရောက်ဖမ်းဆီးခဲ့သည်။ အသက် ၅၅ နှစ်အရွယ် ကိုမြအေးမှာ စစ်တပ်ကို ရဲရဲတင်းတင်း ဝေဖန်လေ့ရှိသူတစ်ဉီး ဖြစ်သည်။ ကိုမြအေးကို လာဖမ်းသူများတွင် ဖမ်းဝရမ်း ပါမလာသည့်အပြင် ဖမ်းရသည့်အကြောင်းအရင်းကိုလည်း သူ့မိသားစုဝင်များအား ရှင်းမပြခဲ့ပေ။ ကိုမြအေးအား ဖမ်းဆီးနေပုံကို အိမ်နီးချင်းတစ်ဉီး၏စီစီတီဗွီကင်မရာမှ မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး တွစ်တာတွင် တင်ခဲ့သည်။

ထိုနေ့ နေ့လည်ပိုင်းတွင် အရပ်ဝတ်ဝတ်ထားသော အရာရှိနှစ်ယောက် ကိုမြအေးအတွက် ဆေးကို လာယူခဲ့သော်လည်း သူတို့အား ဘာမှမေးမြန်းခွင့် မရခဲ့ပေ။ မတ်လကုန်အထိ ကိုမြအေးအား မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို အာဏာပိုင်များက ပြောကြားခြင်းမရှိဘဲ ရှေ့နေနှင့်လည်း တွေ့ခွင့်မရသေးပေ။

မတ်လ ၆ ရက်နေ့ မန္တလေးမြို့တွင် ရဲတပ်ဖွဲ့မှ ပစ်ခတ်မှုကြောင့် ကျဆုံးသွားသော ဆန္ဒပြသူတစ်ဉီး၏စျာပနသို့ ရဲများ ရောက်ရှိလာရာ အရပ်သားများ ဝရုန်းသုန်းကား ထွက်ပြေးခဲ့ကြသည်။ ထင်ရှားသော ဆန္ဒပြခေါင်းဆောင်တစ်ဉီးဖြစ်သည့် ညီညီကျော်မှာ လဲကျကျန်ခဲ့သဖြင့် အဖမ်းခံခဲ့ရသည်။ အာဏာပိုင်များမှ ညီညီကျော်ကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မိသားစုဝင်များအား အသိပေးခြင်းမရှိ၊ မိသားစုဝင်များမှာလည်း အဖမ်းခံရမည်ကို ကြောက်သဖြင့် ပုန်းရှောင်နေရသည်ဟု ညီညီကျော်၏သူငယ်ချင်းတစ်ယောက်မှ ပြောသည်။

အဖမ်းခံရပြီး ၄ ရက်အကြာတွင် သူ၏သားအကြီးဆုံးအား ညီညီကျော်က ဖုန်းနံပါတ်မပေါ်သောဖုန်းတစ်လုံးမှ ဆက်သွယ်ခဲ့သည်။ ခဏသာ စကားပြောခွင့်ရခဲ့ပြီး ညီညီကျော်မှာ စိတ်သောက ရောက်နေသည့်အသံထွက်နေသည်ဟု သူ၏မိတ်ဆွေတစ်ယောက်က ပြောသည်။ မိသားစုဝင်များက ညီညီကျော်အား ဘယ်ရောက်နေသည်ကို မေးမြန်းခွင့်မရလိုက်ခင် ဖုန်းပြတ်သွားသည်။

မတ်လ ၉ ရက်နေ့၊ နေ့လည် ၁ နာရီခွဲခန့်တွင် ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးရှေ့တွင် စစ်ကားများ ရပ်ထားသည်ကို တွေ့ရသည်ဟု အိမ်နီးချင်းများက ပြောသည်။ နေ့လည် ၃ နာရီခန့်တွင် ကမာရွတ်မီဒီယာကို စတင်တည်ထောင်ခဲ့သူဖြစ်သော ဉီးဟန်သာငြိမ်း (အသက် ၄၀)နှင့် အယ်ဒီတာချုပ် ဉီးနေသန်မောင် (အသက် ၄၅)တို့အား စစ်သားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ သူတို့ကို မည်သည့်နေရာတွင် ဖမ်းထားသည်ကို မိသားစုဝင်များကပင် မသိကြပေ။

“သူတို့ ဘယ်မှာရှိမှန်းမသိတော့ အရမ်းစိတ်ပူမိတယ်။ သူတို့ အခြေအနေကို စိုးရိမ်မိတယ်”ဟု ဉီးဟန်သာငြိမ်း၏မိသားစုဝင်တစ်ဉီးမှ ပြောကြားသည်။ “သူတို့တွေ ကျန်းကျန်းမာမာရှိရဲ့လား၊ အသက်ရှင်လျက်ရှိသေးရဲလား ဆိုတာ ကျမတို့ကိုယ်တိုင် မြင်ချင်တယ်။ သူတို့ကို အမြန်ဆုံးတွေ့ချင်ပါတယ်၊ အခုလို စောင့်နေရတဲ့ ဒုက္ခက လွတ်ချင်ပါပြီ။”

အဖမ်းခံထားရသည့် ဆန္ဒပြသူများ၏ မိသားစုဝင်များနှင့် မိတ်ဆွေများက သူတို့ကို မည့်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသည့်အတွက် သူတို့၏လုံခြုံရေးနှင့် ကျန်းမာရေးအတွက် ပူပန်နေရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကို ပြောကြားသည်။

အများအားဖြင့် အဖမ်းခံထားရသူများ မည်သည့်နေရာတွင်ရှိသည်ကို မကြာသေးခင်က ပြန်လွတ်လာသူများနှင့် ရှေ့နေများမှ တဆင့်သာ မိသားစုဝင်များက တရားမဝင် စုံစမ်းသိရှိခွင့်ရကြသည်။ တချို့မိသားစုဝင်များမှာ အဖမ်းခံရသူအတွက် ပစ္စည်းပို့ခွင့်ရသောအကျဉ်းထောင်ကို အဖမ်းခံရသူရှိသည့်နေရာဟု ယုံကြည်နေကြသည်။ မိသားစုဝင်များ၏ ဤကဲ့သို့မှန်းဆချက်ကြောင့် အဖမ်းခံရသူများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မိသားစုဝင်များကို အကြောင်းကြားရန်၊ ၄၈ နာရီအတွင်း ရုံးထုတ်ရန်နှင့် ရှေ့နေနှင့် မိသားစုဝင်များနှင့်တွေ့နိုင်အောင် စီစဉ်ပေးရန် အာဏာပိုင်များ၏ တာဝန်များ လျော့မသွားပေ။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဉပဒေအရ အစိုးရအာဏာပိုင်များ သို့မဟုတ် သူတို့၏ဝန်ထမ်းများက လူတစ်ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး ထိုသူ၏ အခြေအနေနှင့် တည်နေရာကို လျှို့ဝှက်ထားလျှင်၊ ထိုသူ၏ လွတ်လပ်ခွင့်ကို ကန့်သတ်ထားကြောင်း အသိအမှတ်မပြုလျှင် ထိုသူကို ဖျောက်ဖျက်ရာမြောက်သည် (enforced disapperarance) ဟု သတ်မှတ်သည်။ ဖျောက်ဖျက်ခံရသူများမှာ နှိပ်စက်ညှင်းပန်းခြင်း သို့မဟုတ် တရားမဝင်သတ်ဖြတ်ခြင်းများ ခံရလေ့ရှိသည်။ မိသားစုဝင်များမှာလည်း ပျောက်ဆုံးနေသူများ သေသည် ရှင်သည်ကို အတိအကျမသိရသည့်အပြင် သူတို့ကို အာဏာပိုင်များက မည်ကဲ့သို့ ထိန်းသိမ်ထားသည်ကိုလည်း မသိရပေ။

ဤကဲ့သို့ ဖျောက်ဖျက်ခြင်းများမှာ နိုင်ငံတကာဉပဒေကို ပြင်းထန်းစွာ ချိုးဖောက်ခြင်းဖြစ်ပြီး နိုင်ငံနေရာအနှံ့အပြားတွင် စနစ်တကျကျူးလွန်နေပါက လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်သည်။

“ဖျောက်ဖျက်ခြင်းဆိုတာ အင်မတန် အကျည်းတန်တဲ့ ရာဇဝတ်မှုပဲ၊ အနည်းဆုံးတော့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေကို သောကနဲ့ ဒုက္ခရောက်စေတယ်လေ” ဟု အဒမ်စ်က ပြောသည်။ “မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ လူ့အခွင့်အရေးကို အမြဲတမ်း မထီမဲ့မြင် ပြုနေကျပဲ၊ သူတို့သိထားရမှာက ဖျောက်ဖျက်မှုနဲ့ ပျောက်နေတဲ့လူတွေ လုံလုံခြုံခြုံ အိမ်ပြန်ရောက်ဖို့က သူတို့တာဝန်ပဲ။”

ဖျောက်ဖျက်ခံရသူတချို့
 

ကိုမြအေး

ကိုမြအေးမှာ စစ်တပ်ကို ရဲရဲတင်းတင်း ဝေဖန်တတ်သူတစ်ယောက် ဖြစ်ပြီး ၁၉၈၉ နှင့် ၂၀၀၇ ခုနှစ်တို့တွင် အဖမ်းခံခဲ့ရသော ဝါရင့်ဒီမိုကရေစီအရေးလှုပ်ရှားသူတစ်ယောက် ဖြစ်သည်။ နှစ်ကြိမ်စလုံးတွင် နှစ်ရှည်လများ ထောင်ကျခံခဲ့ရသည်။ နှစ်ကြိမ်စလုံး အဖမ်းခံခဲ့ရပြီးနောက် မိသားစုဝင်များနှင့် အဆက်အသွယ်မရခဲ့ဘဲ လပေါင်းများစွာ ပျောက်ဆုံးစာရင်းဝင်ခဲ့သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကိုမြအေးကို ရန်ကုန်ရှိနေအိမ်တွင် ဖမ်းဆီးခဲ့သည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် မိသားစုဝင်များက မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲစခန်းတွင် သူ့အား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်၊ မည်သည့်အမှုဖြင့် ဖမ်းဆီးထားသည်ကို မေးမြန်းခဲ့သည်။ ကိုမြအေးကို ဖမ်းဆီးထားခြင်းမှာ ရဲများနှင့် မသက်ဆိုင်သောကြောင့် ဘာမှမသိကြောင်း မိသားစုဝင်များကို ရဲမှူးတင်မောင်ဆွေက ပြောကြားခဲ့သည်။ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကမ္ဘာ့ကြက်ခြေနီအဖွဲ့အား ကိုမြအေးကို ရှာဖွေပေးပါရန် ကိုမြအေးမိသားစုမှ အကူအညီတောင်းခဲ့သည်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ကိုမြအေးမိသားစုက လူများကို အဓမ္မဖျောက်ဖျက်ခြင်းနှင့် အလိုမတူဖျောက်ဖျက်ခြင်းဆိုင်ရာ ကုလသမဂ္ဂအလုပ်အဖွဲ့(United Nations Working Group on Enforced or Involuntary Disapparances) ကို တိုင်ကြားခဲ့သည်။

ကိုမြအေး ဖမ်းဆီးခံရပြီး နှစ်လအတွင်း အဘယ့်ကြောင့်ဖမ်းဆီးသည်၊ အဘယ့်ကြောင့်ဖျောက်ဖျက်ခံရသည်ကို မိသားစုမှ အာဏာပိုင်များအား အကြိမ်ကြိမ်မေးမြန်းခဲ့သော်လည်း အဖြေမရခဲ့ပေ။ ကိုမြအေးမှာ နှလုံးသွေးကြောခွဲစိတ်ထားသူဖြစ်၍ နေ့စဉ်ဆေးသောက်နေရသူဖြစ်သည်။ မိသားစုဝင်များက ကိုမြအေးအတွက် ဆေးဝါးများကို ကိုမြအေးရှိမည်ဟုယူဆရသော အင်းစိန်ထောင်သို့ ပုံမှန်ပို့ပေးနေသော်လည်း ထိုဆေးများကို ကိုမြအေး လက်ခံရရှိကြောင်း အတည်မပြုနိုင်ပေ။
 

ကိုညီညီကျော်

မတ်လ ၆ ရက်နေ့ မန္တလေးမြို့တွင် ရဲတပ်ဖွဲ့က ပစ်ခတ်၍ သေဆုံးခဲ့သူတစ်ဉီး၏စျာပနတွင် ညီညီကျော် အဖမ်းခံခဲ့ရသည်။ ၆၂ လမ်းနှင့် ၁၀၂ လမ်းဒေါင့်တွင် ကျင်းပခဲ့သော ထိုစျာပနသို့ ရဲများရောက်ရှိလာသောအခါ အားလုံးအလန့်တကြားထွက်ပြေးခဲ့ကြသည်။ ညီညီကျော်မှာ လဲကျချိန်တွင် ရဲများက ချက်ချင်း ဖမ်းဆီးခံခဲ့သည်ဟု ညီညီကျော်၏သူငယ်ချင်းဖြစ်သူက ပြောကြားခဲ့သည်။ ထိုစျာပနကို အရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းများမှ တက်ကြွသူအများအပြား တက်ရောက်ခဲ့ကြသော်လည်း ညီညီကျော်ကိုသာ ရွေးဖမ်းခဲ့သည်။

ညီညီကျော်အား ရှာဖွေလိုသဖြင့် မန္တလေးမြို့ရှိ အိုးဖိုထောင်နှင့် နန်းတွင်းထောင်နှစ်ခုလုံးသို့ ညီညီကျော်၏မိသားစုမှ လိုအပ်မည့်ပစ္စည်းများ ပို့ပေးခဲ့သည်။ ထိုထောင်နှစ်ထောင်လုံးတွင် ညီညီကျော်မရှိဟု ထောင်တာဝန်ခံများက ဆိုသည်။

ညီညီကျော် အဖမ်းခံရပြီး ၄ ရက်မြောက် မတ်လ ၁၀ ရက်နေ့တွင် ညီညီကျော်က သူ့သားကို ဖုန်းဆက်ခဲ့သည်။ ညီညီကျော်မှာ စိတ်သောကရောက်နေသံပေါက်နေသည်။ ဖုန်းပြောပြီးနောက် ညီညီကျော်၏မိသားစုလည်း ပုန်းရှောင်နေဖို့ ဆုံးဖြတ်ခဲ့ကြသည်။ မည်သူ့ဖုန်းနှင့်ဆက်သည်ကို မသိရသည့်အပြင် မည်သည့်နေရာတွင် ရှိနေသည်၊ မည်သည့်အခြေအနေရှိသည်ကို မိသားစုက မေးမြန်းရာတွင် ညီညီကျော်က ပြန်မဖြေခဲ့ပေ။ ညီညီကျော်မှာ ဝေဝါးနေပုံရပြီး CDM တွင် သူနှင့်အတူပါဝင်ခဲ့ပြီး ရှောင်တိမ်းနေသော မိတ်ဆွေတစ်ယောက်အကြောင်းကိုသာ မေးမြန်းနေသည်။ သားဖြစ်သူထံမှ ဆန္ဒပြခေါင်းဆောင်များ၏အကြောင်း မေးမရသောအခါ ညီညီကျော်ဖက်မှ ဖုန်းချသွားသည်။

“သူ အသက်ရှင်နေသေးတာကို သူ့သားကို သိစေချင်လို့ ဖုန်းဆက်တာဖြစ်မယ်” ဟု ညီညီကျော်၏မိတ်ဆွေ တစ်ဉီးမှ ပြောသည်။ သားဖြစ်သူမှာ ဖခင်အတွက် အင်မတန်စိုးရိမ်နေသော်လည်း မိသားစုတစ်စုလုံးကို လာဖမ်းမည်ကိုလည်း စိုးရိမ်ရသောကြောင့် တိမ်းရှောင်နေဖို့ ဆုံးဖြတ်လိုက်သည်။ “မြန်မာပြည်ရဲ့ ထောင်တွေထဲမှာ ရှင်သန်ရပ်တည်နိုင်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကို ညီညီကျော်ဆီကို မပို့နိုင်တဲ့အတွက် ညီညီကျော်ကိစ္စက အင်မတန်စိုးရိမ်ရတယ်” ဟု ထိုသူက ပြောသည်။
 

ဉီးနေသန်မောင်နှင့် ဉီးဟန်သာငြိမ်း

မတ်လ ၉ ရက်နေ့တွင် လုံခြုံရေးတပ်များသည် ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးကို ဝင်ရောက်စီးနင်းခဲ့ပြီး အယ်ဒီတာချုပ် နေသန်မောင်နှင့် ကမာရွတ်မီဒီယာ ထူထောင်ခဲ့သူတစ်ဉီးဖြစ်သူ ဟန်သာငြိမ်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ မတ်လ ၁၀ ရက်နေ့တွင် ဖေ့စ်ဘွတ်တင်ခဲ့သော ဗီဒီယိုနှစ်ခုအရ ကမာရွတ်မီဒီယာရုံးရှေ့တွင် အနည်းဆုံး စစ်ကား ၆ စီး ရပ်ထားသည်ကို တွေ့ရသည်။ စစ်သားများထိုရုံးထဲမှ ထွက်လာသည်ကိုလည်း တွေ့ရှိရပြီး ရုံးသုံးပစ္စည်းများ၊ အိတ်များကို စစ်ကားများထဲသို့ ထည့်နေသည်ကို တွေ့ရသည်။ ထိုဗွီဒီယိုထဲတွင်ပါသော အဆောက်အဉီးကို ဂြိုလ်ထုမြေပုံနှင့် စစ်ဆေးကြည့်ပြီး ကမာရွတ်မြို့နယ်ရှိ ကမာရွတ်မီဒီယာရုံးဖြစ်ကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က အတည်ပြုနိုင်ခဲ့သည်။

“သူတို့ ဘယ်မှရှိလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး” ဟု ဟန်သာငြိမ်း၏မိသားစုဝင်တစ်ဉီးမှ ပြောကြားသည်။ သူတို့နှစ်ယောက်စလုံး ရှေ့နေနှင့်လည်း တွေ့ခွင့်မရသည့်အပြင် မည်သည့်နေရာတွင် ရှိနေသည်ကိုလည်း မသိရဟု မိသားစုဝင်များက ပြောကြားသည်။

မတ်လ ၁၀ ရက်နေ့တွင် မိသားစုဝင်များမှ အင်းစိန်ထောင်အတွင်းသို့ လိုအပ်မည့်ပစ္စည်းများ ပို့ဆောင်ပေးခဲ့သော်လည်း နောက်တနေ့တွင် ထောင်ဝန်ထမ်းများက ထိုအထုပ်များကို ပြန်လာယူရန်ပြောကြားခဲ့သည်။ ဟန်သာငြိမ်းနှင့် နေသန်မောင် အမည်ရှိသူများ အင်းစိန်ထောင်တွင် မရှိဟုဆိုသည်။
 

ကိုရန်ပိုင်ဟိန်း

မတ်လ ၉ ရက်နေ့တွင် ဆန္ဒပြပွဲကို ဖြိုခွင်းသော ရဲဝန်ထမ်း ၇ ယောက်ကို ထိန်းသိမ်းမှုဖြင့် အသက် ၂၅ နှစ်အရွယ် ရန်ပိုင်ဟိန်းကို ရန်ကုန်မြို့၊ လမ်းမတော် ၃ လမ်းမှ လူငယ် ၂၂ ဉီးနှင့်အတူ အာဏာပိုင်များမှ ဖမ်းဆီးခဲ့သည်။

မတ်လ ၁၈ ရက် ဖေ့စ်ဘွတ်တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သော ဗွီဒီယိုအရ (ထိုဗွီဒီယိုမှာ အွန်လိုင်းတွင် မရှိတော့သော်လည်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ကော်ပီတစ်ခု ရခဲ့သည်) ထိန်းသိမ်းထားသော ရဲ ၇ ယောက်ကို ရပ်ကွက်လူထုမှ ရိုက်နှက်နေစဉ် ရန်ပိုင်ဟိန်းမှ တားဆီးနေသည်ကို တွေ့ရသည်။ ခဏကြာသော် စစ်တပ်မှ ကားများရောက်လာပြီး သေနတ်သံများ ကြားရသည်။ ဗွီဒီယိုထဲတွင် ရန်ပိုင်ဟိန်း ထွက်ပြေးသွားသည်ကို မြင်ရသည်။ ထိုသူမှာ ရန်ပိုင်ဟိန်းဖြစ်ကြောင်းကို သူ့မိသားစုမှ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ကို အတည်ပြုပေးခဲ့သည်။ ရန်ပိုင်ဟိန်းနှင့် မိတ်ဆွေတချို့ သူ၏အိမ်သို့ပြန်ပြေးလာခဲ့သည်ဟု မိသားစုဝင်များက ဆိုသည်။

ထိုနေ့ ၁၂ နာရီခွဲခန့်တွင် ရဲနှင့်စစ်သားများက ရန်ပိုင်ဟိန်းအိမ်တံခါးကို ဖျက်ဆီးဝင်ရောက်ခဲ့ပြီး ရန်ပိုင်ဟိန်းအား ဖမ်းဆီးခဲ့သည်။ ရန်ပိုင်ဟိန်းတို့ ရပ်ကွက်ထဲမှ အခြားလူငယ် ၂၂ ယောက်လည်း ဖမ်းဆီးခံခဲ့ရသည်။

“သူတို့အိမ်ထဲမှာ ဝင်ရှာနေတုန်း ကျမနဲ့ အဖေ့ကို သေနတ်တွေနဲ့ချိန်ထားတယ်။ အဖေနဲ့ ရန်ပိုင်ဟိန်းကို စစ်ဆေးမေးမြန်းတော့လည်း သေနတ်နဲ့ချိန်ပြီး စစ်ဆေးမေးမြန်းခဲ့တယ်” ဟု ရန်ပိုင်ဟိန်း၏အစ်မက ပြောသည်။ “သူ့ကို ခေါ်သွားတော့ ရိုက်တာနှက်တာ မတွေ့ရပေမယ့် သူ့ကို ရိုက်နှက်စစ်ဆေးလို့ နှာခေါင်းရိုးကျိုးသွားပြီး သွေးပိတ်နေလို့ အသက်တောင် ကောင်းကောင်းမရှူနိုင် ဖြစ်နေတယ်လို့ နောက်နေ့ပြန်လွတ်လာတဲ့ သူ့သူငယ်ချင်းတစ်ယောက်ပြောတယ်။”

ရန်ပိုင်ဟိန်းကို ရွှေပြည်သာမြို့နယ်ရှိ စစ်ကြောရေးစခန်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုညက သူအပါအဝင် အားလုံး ၂၃ ယောက်အဖမ်းခံရသည်။ နောက်တနေ့ ညနေ ၅ နာရီတွင် အဖမ်းခံရသူအများစု ပြန်လွတ်လာသော်လည်း ရန်ပိုင်ဟိန်းအပါအဝင် ၇ ယောက် ပျောက်နေသည်။

အာဏာပိုင်များက ရန်ပိုင်ဟိန်းကို မည်သည့်နေရာတွင်ထိန်းသိမ်းထားသည်ဟု မိသားစုကို မပြောသော်လည်း အင်းစိန်ထောင်ထဲတွင် ရန်ပိုင်းဟိန်းကို တွေ့ခဲ့သည်ဟု ပြန်လွတ်လာသူများထံမှ သိရသည်။ မိသားစုမှ ရန်ပိုင်ဟိန်းအတွက် ပါဆယ်ထုပ် ၄ ထုပ် အင်းစိန်ထောင်သို့ ပို့ပေးခဲ့သည်။ ထိုအထုပ် ပြန်ရောက်မလာခြင်းကြောင့် ရန်ပိုင်ဟိန်း အင်းစိန်ထောင်တွင် ရှိသည်ဟု ယူဆနိုင်သော်လည်း မိသားစုနှင့် ရှေ့နေတို့မှ ရန်ပိုင်ဟိန်းနှင့် တိုက်ရိုက်အဆက်အသွယ် မရပေ။
 

ကိုစိုင်းဖြိုးထိုက်

မတ်လ ၁၄ ရက် မန္တလေးမြို့တွင် အသက် ၂၃ နှစ်အရွယ် စက်မှုတက္ကသိုလ်ကျောင်းသား စိုင်းဖြိုးထိုက်ကို အာဏာပိုင်များက ၈၁-၂၁ လမ်းထောင့်တွင် ဖမ်းဆီးခဲ့သည်။ ဆန္ဒပြပွဲတစ်ခုမှ စိန်ပန်းရပ်ကွက်ရှိ သူ၏နေအိမ်သို့ပြန်လာသော စိုင်းဖြိုးထိုက်ကို အရပ်ဝတ်ဝတ်ထားသူများက သေနတ်ဖောက် ဖမ်းဆီးခဲ့သည်ဟု ပြည်ပတွင်နေထိုင်သည့် သူငယ်ချင်းတစ်ယောက်မှ ပြောသည်။ ဆိုင်ကယ်လဲကျခဲ့ပြီး စိုင်းဖြိုးထိုက်ကို အမှတ် ၈ ရဲစခန်းရှေ့တွင် ဖမ်းဆီးသွားသည်။ စိုင်းဖြိုးထိုက်ကို အဘယ့်ကြောင့်ဖမ်းဆီးရသည်ကို အာဏာပိုင်များက မပြောကြားခဲ့ပေ၊ ရှေ့နေ၊ မိသားစုဝင်များနှင့် တွေ့ခွင့်ပေးရန် တောင်းဆိုချက်များကိုလည်း အကြိမ်ကြိမ် ငြင်းဆန်ခဲ့သည်။ 

Your tax deductible gift can help stop human rights violations and save lives around the world.

Most Viewed