မြန်မာ - အမျိုးသမီးနှင့် မိန်းကလေးများအား ‘သတို့သမီးများ’ အဖြစ် တရုတ်နိုင်ငံသို့ လူကုန်ကူးခြင်

မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံ အစိုးရများသည် ကချင်တိုင်းရင်းသူ အမျိုးသမီးများနှင့် မိန်းကလေးများအား တရုတ်နိုင်ငံရှိမိသားစုများထံ သတို့သမီးများအဖြစ် လူကုန်ကူးခြင်းကို ရပ်တန့်ရန် ပျက်ကွက်ခဲ့သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ ယနေ့ထုတ်ပြန်သည့်အစီရင်ခံစာ၌ ပြောဆိုခဲ့သည်။ စာ မျက်နှာ၌ပါရှိသည့် (“ငါတို့ကို ကလေးတစ်ယောက်မွေးပေးရင် မင်းကိုလွှတ်ပေးမယ်” - ကချင်အမျိုးသမီးများအား “ဇနီးမယားများ” အဖြစ်ရောင်းစားရန် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လူကုန်ကူးခြင်း) “‘Give Us a Baby and We’ll Let You Go’: Trafficking of Kachin ‘Brides’ from Myanmar to China,” အစီရင်ခံစာတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့မှ အမျိုးသမီးများနှင့် မိန်းကလေးများအား လိင်ပိုင်းဆိုင်ရာ ကျွန်များအဖြစ် လူကုန်ကူးသူများက ရောင်းစားနေခြင်းကို မှတ်တမ်းတင်ထားသည်။ လူကုန်ကူးခံခဲ့ရသူများက ၎င်းတို့၏မိသားစုဝင်များအပါအဝင် ၎င်းတို့စိတ်ချရသူများက တရုတ်နိုင်ငံ၌ အလုပ်အကိုင်ရမည်ဟု ကတိပေးခဲ့ကြသော်လည်း ၎င်းတို့အား တရုတ်မိသားစုများထံ အမေရိကန်ဒေါ်လာ $ ၃၀၀၀ မှ $ ၁၃၀၀၀ နှင့် ညီမျှသောငွေဖြင့် ရောင်းစားခဲ့ကြကြောင်း ပြောသည်။ တရုတ်နိုင်ငံတွင် ၎င်းတို့အား ပုံမှန်အားဖြင့် အခန်း တစ်ခန်းတွင် သော့ခတ်ထား၍ ၎င်းတို့ကိုယ်ဝန်ရှိစေရန် မုဒိမ်းကျင့်ခံခဲ့ကြရ၏။